Fusarium Wilt သည် ပဲတီစိမ်းနှင့် မတ်ပဲတို့၏ စိုက်ပျိုးထွက်ရှိမှုကို သိသိသာသာ ထိခိုက်စေသော မှိုရောဂါတစ်မျိုးဖြစ်သည်။ ရောဂါပိုးသည် မြေဆီလွှာအတွင်း ကာလကြာရှည်စွာ ရှင်သန်နိုင်သောကြောင့် ထိန်းချုပ်ရန် ခက်ခဲသည်။ ထို့ကြောင့် သီးနှံအလှည့်ကျစိုက်ပျိုးခြင်း၊ Trichoderma နည်းပညာအသုံးပြုခြင်း၊ သဘာဝမြေဆွေးထည့်သွင်းခြင်း၊ စိုက်ခင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ရောဂါဒဏ်ခံမျိုးများ စိုက်ပျိုးခြင်းတို့ကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် Fusarium Wilt ရောဂါကို အောင်မြင်စွာ ကာကွယ်နိုင်မည်ဖြစ်သည်
ပဲတီစိမ်းနှင့် မတ်ပဲ တို့သည် မြန်မာနိုင်ငံ၏ အဓိကပဲမျိုးစုံသီးနှံများထဲတွင် ပါဝင်ပြီး ဒုတိယအစိုက်များဆုံးသီးနှံများ ဖြစ်သည်။ ပြည်တွင်း စားသုံးမှုသာမက ပြည်ပတင်ပို့မှုအတွက်ပါ အရေးပါသော သီးနှံများဖြစ်သည်။ ယခုအခါ အဆိုပါသီးနှံများ နှစ်စဉ်စိုက်ပျိုးခဲ့ရာ အထွက်နှုန်းနှင့် အရည်အသွေးကို ထိခိုက်စေသော အပင်ရောဂါများ ဖြစ်ပေါ်လာကြသည်။
ထိုအပင်ရောဂါများအနက် Fusarium Wilt သည် မြေဆီလွှာမှ ကူးစက်သော မှိုရောဂါဖြစ်ပြီး Fusarium oxysporum နှင့် Fusarium solani မှိုများကြောင့် ဖြစ်ပွားသည့် ရောဂါတစ်မျိုးဖြစ်သည်။ ၎င်းမှိုများသည် မြေကြီးအတွင်း နှစ်ပေါင်းများစွာ အသက်ရှင်နိုင်ပြီး အမြစ်မှတစ်ဆင့် အပင်အတွင်း ဝင်ရောက်ကူးစက်ကာ သွေးကြောစနစ် (vascular tissue) ကို ပျက်စီးစေသည်။ ထို့ကြောင့် အပင်သည် ရေနှင့် အာဟာရဓာတ်များ မရရှိနိုင်တော့ဘဲ တဖြည်းဖြည်း ညှိုးနွမ်းသေဆုံးသွားသည်။
ရောဂါကို ဖြစ်စေသော အကြောင်းအရာများ
Fusarium Wilt ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းမှာ Fusarium မှိုများသည် အမြစ်များမှတစ်ဆင့် အပင်ထဲသို့ ဝင်ရောက်ကူးစက်ခြင်းဖြစ်သည်။ ရောဂါပိုးသည် အမြစ်၏ ထိခိုက်ဒဏ်ရာများ၊ အဟောင်းအပေါက်များမှ တစ်ဆင့် အလွယ်တကူ ဝင်ရောက်နိုင်သည်။
မြေဆီလွှာအတွင်း ရှင်သန်နေသော Fusarium မှိုများသည် Chlamydospore ဟုခေါ်သော အနားယူဗီဇပုံစံဖြင့် နှစ်ပေါင်းများစွာ ရှင်သန်နိုင်သောကြောင့် ရောဂါကျရောက်ပြီးစိုက်ခင်းများတွင် နောင်နှစ်များအထိ ရောဂါဆက်လက်ဖြစ်ပွားနိုင်သည်။
ရောဂါဖြစ်ပွားမှုကို အားပေးသော အချက်များမှာ –
(က) ပဲမျိုးစုံကို ဆက်တိုက်စိုက်ပျိုးခြင်း
(ခ) မြေဆီလွှာတွင် ရေစီးရေလာ မကောင်းခြင်း
(ဂ) မြေကြီးအတွင်း အစိုဓာတ်များနေခြင်း
(ဃ) အပူချိန်မြင့်မားခြင်း
(င) မြေဩဇာအသုံးချမှု မညီမျှခြင်း
(စ) ရောဂါကျအပင်အကြွင်းအကျန်များ စိုက်ခင်းထဲတွင် ကျန်ရှိနေခြင်း တို့ဖြစ်ကြသည်။
Fusarium Wilt ရောဂါ လက္ခဏာများ
Fusarium Wilt ရောဂါ၏ လက္ခဏာများကို အပင်ကြီးထွားမှုအဆင့်တိုင်းတွင် တွေ့ရှိနိုင်သော်လည်း ပန်းပွင့်ပြီးချိန်မှစ၍ ပိုမိုထင်ရှားစွာ တွေ့ရတတ်သည်။ အစပိုင်းတွင် အောက်ပိုင်းရွက်များ အဝါရောင်ပြောင်းလာပြီး နေ့လယ်ပိုင်းတွင် ညှိုးနွမ်းသွားသည်။ နောက်ပိုင်းတွင် အရွက်များ ခြောက်သွေ့လာပြီး တစ်ပင်လုံး ညှိုးနွမ်းသေဆုံးတတ်သည်။
ရောဂါကျရောက်သော အပင်များသည်
(က) အပင်ကြီးထွားမှုနှေးကွေးခြင်း
(ခ) အပင်ပုသွားခြင်း
(ဂ) အရွက်များ အဝါရောင်ပြောင်းခြင်း
(ဃ) အမြစ်ပုပ်ခြင်း
(င) သီးတောင့်အရေအတွက် လျော့နည်းခြင်း
(စ) စောစီးစွာ အပင်သေဆုံးခြင်း တို့ ဖြစ်ပေါ်နိုင်သည်။
ရောဂါဖြစ်နေသော ပင်စည်အောက်ပိုင်းကို ဓားဖြင့် ခွဲကြည့်ပါက သွေးကြောတစ်လျှောက် အညိုရောင် သို့မဟုတ် အနက်ရောင် ပြောင်းလဲနေသည်ကို တွေ့နိုင်ပြီး ၎င်းသည် Fusarium Wilt အတွက် လက္ခဏာတစ်ခု ဖြစ်သည်။


Fusarium Wilt ရောဂါ၏ လက်ရှိပြဿနာမျး
ယနေ့ခေတ်တွင် Fusarium Wilt သည် ပဲတီစိမ်းနှင့် မတ်ပဲစိုက်ပျိုးမှုအတွက် စိုးရိမ်စရာ ရောဂါတစ်မျိုး ဖြစ်လာနေသည်။ ပထမဦးစွာ ရောဂါပိုးသည် မြေကြီးထဲတွင် အချိန်ကြာရှည်စွာ ရှင်သန်နိုင်သောကြောင့် ဖျက်ဆီးရန် ခက်ခဲသည်။ တစ်ကြိမ်ဖြစ်ပွားပြီးသော စိုက်ခင်းများ၌ နောင်ရာသီများတွင် ထပ်မံဖြစ်ပွားနိုင်သည်။
ဒုတိယအနေဖြင့် ရာသီဥတုပြောင်းလဲလာခြင်းကြောင့် အပူချိန်မြင့်မားမှုနှင့် ရေကြီးရေလျှံမှုများ ပိုမိုဖြစ်လာပြီး Fusarium ရောဂါပိုးများ၏ ကြီးထွားမှုကို အားပေးလျက်ရှိသည်။ တတိယအနေဖြင့် တောင်သူအများစုသည် တစ်မျိုးတည်းသောသီးနှံကို ဆက်တိုက်စိုက်ပျိုးလေ့ရှိသောကြောင့် မြေကြီးအတွင်းရောဂါပိုးများ စုဆောင်းလာပြီး ရောဂါပိုမိုဆိုးရွားလာသည်။
ထို့အပြင် ဓာတုဆေးဝါးများ အသုံးပြုခြင်းသည် မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးများကို ထိခိုက်စေပြီး မြေဆီလွှာ၏သဘာဝစနစ်ကို ပျက်စီးစေသောကြောင့် ရေရှည်စိုက်ပျိုးရေးအတွက် အခက်အခဲများ ဖြစ်ပေါ်စေသည်။
Organic Management Technologies for Fusarium Wilt
သီးလှည့်စိုက်ပျိုခြင်း
သီးနှံအလှည့်ကျစိုက်ပျိုးခြင်းသည် Fusarium Wilt ထိန်းချုပ်ရာတွင် အထိရောက်ဆုံး ဩဂဲနစ်နည်းပညာများထဲမှ တစ်ခုဖြစ်သည်။ ပဲတီစိမ်းနှင့် မတ်ပဲကို တစ်နေရာတည်းတွင် နှစ်စဉ်ဆက်တိုက်စိုက်ပျိုးခြင်း မပြုဘဲ ဆန်၊ ပြောင်း၊ နှမ်းနှင့် အခြားသီးနှံများဖြင့် အလှည့်ကျစိုက်ပျိုးသင့်သည်။ ဤနည်းဖြင့် ရောဂါပိုး၏ အသက်ရှင်ရပ်တည်နိုင်မှုကို လျှော့ချပေးနိုင်သည်။
ဇီဝမြေဩဇာများကို အသုံးပြုခြင်း
Trichoderma harzianum နှင့် Trichoderma viride တို့သည် Fusarium မှိုကို ဆန့်ကျင်တိုက်ဖျက်နိုင်သော ဇီဝထိန်းချုပ်မှိုများ ဖြစ်သည်။ Trichoderma များသည် ရောဂါပိုးမှိုများကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ အမြစ်ကြီးထွားမှုအားကောင်းစေခြင်း ၊ အာဟာရစုပ်ယူမှု တိုးတက်စေခြင်း၊ အပင်ခုခံအား မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။
သဘာဝမြေဆွေးများအသုံးပြုခြင်း
သဘာဝမြေဆွေးအသုံးပြုခြင်းသည် မြေဆီလွှာကျန်းမာရေးကို တိုးတက်စေပြီး အကျိုးပြုအဏုဇီဝပိုးများ ပိုမိုများပြားလာစေသည်။ Compost အသုံးပြုခြင်းကြောင့် မြေဆီဩဇာတိုးတက်ခြင်း၊ မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန်ခြင်း ၊ Fusarium ပိုးပမာဏ လျော့နည်းခြင်း တို့ ဖြစ်ပေါ်နိုင်သည်။
စိုက်ခင်းဝန်ကျင်း သန့်ရှင်းခြင်း
စိုက်ခင်းသန့်ရှင်းရေးသည် ရောဂါထိန်းချုပ်ခြင်း၏ အခြေခံအကျဆုံးနည်းလမ်း ဖြစ်သည်။ ရောဂါကျ အပင်များကို နုတ်ပယ်ဖျက်ဆီးခြင်း၊ ပေါင်းပင်များ ရှင်းလင်းခြင်းနှင့် စိုက်ခင်းအကြွင်းအကျန်များကို စနစ်တကျ ဖယ်ရှားခြင်းတို့ဖြင့် ရောဂါပြန့်ပွားမှုကို လျှော့ချနိုင်သည်။
ရောဂါကင်းစင်သော မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုခြင်း
ရောဂါဒဏ်ခံနိုင်သောမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းသည် Fusarium Wilt ကို ရေရှည်စီမံခန့်ခွဲရာတွင် အထိရောက်ဆုံး နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။