October 8, 2026

Bacterial Wilt Disease in Green and Black Gram and Its Organic Management

Bacteria Wilt Disease Symptom

ပဲတီစိမ်း နှင့် မတ်ပဲတို့သည် မြန်မာနိုင်ငံ၏ ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍတွင် အရေးပါသော သီးနှံများဖြစ်ကြသည်။ ယင်းသီးနှံများ၏ အထွက်နှုန်းနှင့် အရည်အသွေးကို ထိခိုက်စေသော ရောဂါများအနက် Bacterial Wilt ရောဂါသည် အရေးကြီးသော ရောဂါတစ်မျိုးအဖြစ်ပါသည်။ Bacterial Wilt သည် ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားသော ရောဂါဖြစ်ပြီး အပင်၏ ရေသယ်ယူပို့ဆောင်ရေး စနစ်ကို ထိခိုက်စေသဖြင့် အပင်ညှိုးနွမ်းမှုနှင့် အထွက်နှုန်း လျော့ကျမှုများ ဖြစ်စေသည်။ Bacterial Wilt ရောဂါပိုးသည် အပင်၏ vascular tissue အတွင်းသို့ ဝင်ရောက်ကာ ပုံမှန်ရေစီးဆင်းမှုကို အနှောင့်အယှက်ပေးသဖြင့် အပင်ညှိုးနွမ်းလာခြင်းဖြစ်ပါသည်။

ယခုအခါ ရာသီဥတုပြောင်းလဲမှု၊ မျိုးစေ့သန့်ရှင်းမှု အားနည်းခြင်းနှင့် စိုက်ခင်းစီမံခန့်ခွဲမှု မမှန်ကန်ခြင်းတို့ကြောင့် Bacterial Wilt ရောဂါဖြစ်ပွားမှု ပိုမိုများပြားလာသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဩဂဲနစ်စိုက်ပျိုးရေးစနစ်အောက်တွင် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော စီမံခန့်ခွဲနည်းများကို အသုံးပြု၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

Bacterial Wilt ရောဂါကို ဖြစ်စေသော အကြောင်းအရာများ

Bacterial Wilt ရောဂါသည် Curtobacterium flaccumfaciens pv. flaccumfaciens ဟုခေါ်သော ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ယင်းဘက်တီးရီးယားသည် အဓိကအားဖြင့် ရောဂါပါသော မျိုးစေ့များမှတစ်ဆင့် ကူးစက်လာနိုင်ပြီး အပင်၏ အမြစ်၊ ပင်စည် သို့မဟုတ် အရွက်ပေါ်ရှိ ဒဏ်ရာများမှတစ်ဆင့် ဝင်ရောက်နိုင်သည်။

ရောဂါပိုးကူးစက်ပြီးနောက် ဘက်တီးရီးယားများသည် အပင်၏ သွေးကြောစနစ် (vascular bundle) အတွင်း၌ အလျင်အမြန် ပွားများလာသည်။ ထို့နောက် ရေနှင့် အာဟာရဓာတ်များ စီးဆင်းမှုကို ပိတ်ဆို့စေသဖြင့် အပင်သည် ရေဓာတ်ချို့တဲ့သော အခြေအနေသို့ ရောက်ရှိလာပြီး ညှိုးနွမ်းလာသည်။

ရောဂါဖြစ်ပွားမှုကို ပိုမိုအားကောင်းစေသော အချက်များမှာ

ပူပြင်းသော ရာသီဥတု၊ စိုထိုင်းဆမြင့်မားခြင်း၊ မိုးများခြင်း၊ လေပြင်းတိုက်ခတ်ခြင်း နှင့် စိုက်ခင်းလုပ်ငန်းစဉ်များကြောင့် အပင်ဒဏ်ရာရရှိခြင်း၊ ရောဂါပါသော မျိုးစေ့အသုံးပြုခြင်း တို့ဖြစ်ကြသည်။ အပူချိန် 30°C အထက်နှင့် စိုထိုင်းဆမြင့်သော အခြေအနေများသည် ရောဂါဖွံ့ဖြိုးမှုကို ပိုမိုအားကောင်းစေကြောင်း ဖော်ပြထားသည်။ ဘက်တီးရီးယားပိုးသည် မျိုးစေ့အတွင်း၌ ရှင်သန်နိုင်ပြီး စိုက်ပျိုးချိန်တွင် ပျိုးပင်များသို့ စတင် ကူးစက်ကြောင်း တွေ့ရသည်။ ထို့နောက် ရောဂါကျအပင်များမှ အပင်အကြွင်းအကျန်များအတွင်း ဆက်လက်ရှင်သန်နိုင်သည်

မိုးရေစက်များ၊ စက်ယန္တရားများ၊ စိုက်ခင်းလုပ်သားများနှင့် လေတိုက်ခတ်မှုများမှတစ်ဆင့်လည်း ရောဂါပိုးသည် စိုက်ခင်းတစ်ခုလုံးသို့ ပျံ့နှံ့သွားနိုင်သည်။ စိုက်ခင်းအတွင်း အပင်များ ထူထပ်စွာ စိုက်ပျိုးထားခြင်းနှင့် လေဝင်လေထွက် မကောင်းခြင်းတို့သည်လည်း ရောဂါပြန့်ပွားနှုန်းကို မြင့်တက်စေသော အကြောင်းရင်းများဖြစ်ကြသည်။

Bacterial Wilt ရောဂါ လက္ခဏာများ

ရောဂါစတင်ကျရောက်ချိန်တွင် အရွက်ကြောများကြား၌ အဝါရောင်ပြောင်းလဲခြင်း (Interveinal Chlorosis) ကို တွေ့ရှိရတတ်သည်။ ထို့နောက် အဆိုပါနေရာများသည် အညိုရောင်အနာကွက်များအဖြစ် ပြောင်းလဲသွားသည်။ ရောဂါပိုမိုပြင်းထန်လာသောအခါ အရွက်တွေ ရုတ်တရက်ညှိုး နိုင်ပြီး အစိမ်းရောင်မပြောင်းဘဲ ညှိုးတတ်ပြီး အရွက်များ ခြောက်သွေ့လာခြင်း၊ အရွက်များ ကြွေကျခြင်း၊ အပင်ညှိုးနွမ်းခြင်း၊ပင်စည်ကြီးထွားမှု ရပ်တန့်ခြင်း၊ အပင်ပုသွားခြင်းတို့ကို တွေ့ရသည်။ ပင်စည်ကို ဖြတ်ကြည့်လျှင် ဖြတ်ထားတဲ့ပင်စည်ကို ရေထဲထည့်လျှင် နို့ရောင်ဘက်တီးရီးယားစီးကြောင်း ထွက်လာသည်။အပင်ငယ်အဆင့်တွင် ရောဂါကျရောက်ပါက အပင်သေဆုံးခြင်းအထိ ဖြစ်နိုင်သည်။ အသက်ကြီးသော အပင်များတွင် ရောဂါလက္ခဏာများ တဖြည်းဖြည်း ပိုမိုထင်ရှားလာပြီး နောက်ဆုံးတွင် အထွက်နှုန်းကို သိသိသာသာ လျော့ကျစေသည်။

Bacterial Wilt ရောဂါ၏ လက်ရှိပြဿနာမျး

လက်ရှိအချိန်တွင် Bacterial Wilt သည် ပဲစိုက်တောင်သူများအတွက် စီးပွားရေးအရ အရေးကြီးသော ပြဿနာတစ်ရပ် ဖြစ်လာနေသည်။ ပထမဦးစွာ ရောဂါသည် မျိုးစေ့မှတစ်ဆင့် ကူးစက်နိုင်သောကြောင့် ရောဂါကင်းစင်သော မျိုးစေ့ရရှိရန် ခက်ခဲခြင်းသည် အဓိကပြဿနာ ဖြစ်သည်။

ဒုတိယအနေဖြင့် တောင်သူများစွာသည် ရောဂါ၏ ကနဦးလက္ခဏာများကို အခြားရောဂါများနှင့် မှားယွင်းခွဲခြားတတ်ကြသဖြင့် ထိန်းချုပ်ရန် အချိန်နှောင့်နှေးမှုများ ဖြစ်ပေါ်တတ်သည်။

တတိယအနေဖြင့် ရာသီဥတုပူပြင်းလာခြင်းနှင့် မိုးရွာသွန်းမှုပုံစံ မတည်ငြိမ်ခြင်းတို့ကြောင့် ရောဂါပြန့်ပွားမှု ပိုမိုမြန်ဆန်လာသည်။

ထို့ပြင် ဓာတုပိုးသတ်ဆေးများကို အလွန်အကျွံအသုံးပြုခြင်းကြောင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝပိုးများ လျော့နည်းလာခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာခြင်း တို့သည်လည်း လက်ရှိကြုံတွေ့နေရသော စိုက်ပျိုးရေးပြဿနာများ ဖြစ်ကြသည်။

Organic Management Technologies

ရောဂါကင်းစင်သော မျိုးကောင်းမျိုးသန့်ကို စိုက်ပျိုခြင်း

Bacterial Wilt တွင် ရောဂါကင်းစင်သော မျိုးစေ့အသုံးပြုခြင်းသည် အရေးကြီးဆုံး အဆင့်ဖြစ်သည်။ မျိုးစေ့ရွေးချယ်ရာတွင် ကျန်းမာသော အပင်များမှ ထုတ်ယူထားသော မျိုးစေ့များကိုသာ အသုံးပြုသင့်သည်။

ဇီဝမြေဩဇာများကို အသုံးပြုခြင်း

စိုက်ပျိုးမည့် မျိုးစေ့များကို Trichoderma spp.၊ Bacillus subtilis နှင့် Pseudomonas fluorescens ကဲ့သို့သော ဇီဝပိုးများဖြင့် လူးနယ်ခြင်းသည် ရောဂါပိုးဖိအားကို လျှော့ချပေးနိုင်သည်။

ထိုဇီဝပိုးများသည် ရောဂါပိုးများနှင့် ယှဉ်ပြိုင်ရှင်သန်ခြင်း၊ ပဋိဇီဝပစ္စည်းများ ထုတ်လုပ်ခြင်း၊ အပင်ခုခံအား မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

သီးလှည့်စိုက်ပျိုခြင်း

ပဲတီစိမ်းနှင့် မတ်ပဲကို ဆက်တိုက်စိုက်ပျိုးခြင်း မပြုဘဲ ဆန်၊ ပြောင်း၊ နှမ်းနှင့် အခြားသီးနှံများဖြင့် ၂ နှစ်မှ ၃ နှစ်အထိ အလှည့်ကျစိုက်ပျိုးခြင်းသည် မြေတွင်းရောဂါပိုးပမာဏကို လျှော့ချနိုင်သည်။

ဩဂဲနစ်မြေဩဇာများကို အသုံးပြုခြင်

နွားချေးဆွေး၊ ကြက်ချေးဆွေး၊ တီကျစ်စာ နှင့် ဘိုကာရှီမြေဆွေး တို့ အသုံးပြုခြင်းသည် မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီဝပိုးများ တိုးပွားလာစေသည်။ ထို့ကြောင့် အပင်အမြစ်ဖွံ့ဖြိုးမှုကောင်းမွန်ခြင်း၊ ခုခံအားတိုးတက်ခြင်း၊ ရောဂါဖိအားလျော့နည်းခြင်း တို့ကို ရရှိစေနိုင်သည်။

စိုက်ခင်းဝန်ကျင်း သန့်ရှင်းခြင်း

စိုက်ခင်းအတွင်း ရောဂါကျရောက်သောအပင်များကို အမြန်ဖယ်ရှားပစ်ခြင်း၊ စိုက်ခင်းအကြွင်းအကျန်များကို မီးရှို့ခြင်း သို့မဟုတ် မှန်ကန်စွာဖျက်ဆီးခြင်းတို့သည် ရောဂါတားဆီးရာတွင် အရေးကြီးသည်။ ထို့အပြင် စိုက်ခင်းသုံးကိရိယာများကို သန့်ရှင်းရေး ပြုလုပ်ခြင်းဖြင် ရောဂါပိုးကူးစက်မှုကို လျှော့ချနိုင်သည်။

Conclusion

Bacterial Wilt သည် ပဲတီစိမ်းနှင့် မတ်ပဲတို့တွင် အထွက်နှုန်းနှင့် အရည်အသွေးကို လျော့ကျစေသော အရေးကြီးသည့် ဘက်တီးရီးယားရောဂါတစ်မျိုးဖြစ်သည်။ ရောဂါသည် မျိုးစေ့များ၊ အပင်ဒဏ်ရာများနှင့် စိုက်ခင်းအကြွင်းအကျန်များမှတစ်ဆင့် အလွယ်တကူ ကူးစက်နိုင်ပြီး ပူပြင်းစိုစွတ်သော အခြေအနေများတွင် ပိုမိုပြင်းထန်စွာ ဖြစ်ပွားတတ်သည်။ ထို့ကြောင့် ရောဂါကင်းစင်သော မျိုးစေ့များ အသုံးပြုခြင်း၊ သီးနှံအလှည့်ကျစိုက်ပျိုးခြင်း နှင့် ဇီဝထိန်းချုပ်ပိုးများ အသုံးပြုခြင်း၊ သဘာဝမြေဆွေးထည့်သွင်းခြင်းနှင့် စိုက်ခင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ကို ပေါင်းစပ်ကျင့်သုံးခြင်းဖြင့် Bacterial Wilt ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်ပြီး ရေရှည်တည်တံ့သော ဩဂဲနစ်ပဲစိုက်ပျိုးရေးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။