October 13, 2026

Powdery Mildew Disease in Green and Black Gram and Its Organic Management

မြန်မာနိုင်ငံမှာ ပဲတီစိမ်းကို စိုက်ပျိုးတဲ့အခါ မြန်မာ့နွေရာသီ (ဖေဖော်ဝါရီမှ မေလအတွင်း) ပဲစိုက်ပျိုးရာတွင် တောင်သူများ ရင်ဆိုင်ရသည့် ပြဿနာမှာ “နေ့ဘက် အလွန်ပူပြင်းပြီး ခြောက်သွေ့ကာ၊ ညဘက်/နံနက်ပိုင်းတွင် နှင်းကျ/စိုစွတ်ခြင်း” သို့မဟုတ် “နွေဦးမိုး ရုတ်တရက်ရွာသွန်းပြီး အပူရှိန်ပြန်တက်ခြင်း” ဖြစ်သည်။ ဤအခြေအနေသည်ရောဂါကို အလျင်မြန်ဆုံး ပြန့်ပွားစေသည့် အပူချိန်မြင့်မားပြီး စိုထိုင်းဆ များပြားမှုကြောင့် Powdery Mildew ရောဂါသည်   တောင်သူတွေအတွက် အဓိက စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။ပဲ ပင်တွေမှာ မှိုသတ်ဆေးမှုန်လို အဖြူကွက်တွေ ဖြစ်စေတဲ့ Powdery Milde ရောဂါဟာ Erysiphe polygoni လို့ခေါ်တဲ့ မှို (Fungus) တစ်မျိုးကြောင့် ဖြစ်ပွားရတာ ဖြစ်ပါတယ်။ ဒီမှိုရောဂါ ပျံ့နှံ့ပြီး ပိုဆိုးလာစေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် –

၁။ လေလှိုင်းထဲကနေ လွင့်ပါးလာခြင်း (အဓိကအကြောင်းအရင်း)

မှိုရောဂါရနေတဲ့ တခြားစိုက်ခင်းတွေ သို့မဟုတ် အနီးအနားက အပင်တွေပေါ်မှာ ရှိနေတဲ့ မှိုမျိုးမှုန် (Spores / Conidia) တွေဟာ အလွန်သေးငယ်ပြီး ပေါ့ပါးပါတယ်။ ၎င်းမှိုမှုန်တွေဟာ လေတိုက်ခတ်မှု နဲ့အတူမိုင်ပေါင်းများစွာ ဝေးတဲ့နေရာတွေအထိ လွင့်ပါးလာနိုင်ပြီး ပဲတီစိမ်းရွက်တွေပေါ်ကို လာရောက် ကျရောက်တာ ဖြစ်ပါတယ်။

၂။ ပေါင်းမြက်များနှင့် အလေ့ကျပေါက်သည့်အပင်များတွင် ခိုအောင်းနေခြင်း

မှိုတွေဟာ ပဲတီစိမ်း မစိုက်ပျိုးခင်ကာလ သို့မဟုတ် ရာသီပြင်ပအချိန်တွေမှာ အလဟဿ သေဆုံးမသွားပါဘူး။ စိုက်ခင်းဘေးပတ်ပတ်လည်က ပေါင်းမြက်တွေ၊ အလေ့ကျပေါက်နေတဲ့ ပဲပင်ဟောင်းတွေ သို့မဟုတ် ပတ်ဝန်းကျင်အနီး စိုက်ခင်းက အပင်မျိုးနွယ်တူတွေပေါ်မှာ ကပ်ပါးအဖြစ် ခိုအောင်းအသက်ရှင်နေကြပါတယ်။ ပဲတီစိမ်းအသစ် စိုက်တဲ့အခါ ၎င်းအပင်တွေဆီကနေ ကူးစက်လာတာ ဖြစ်ပါတယ်။

၃။ စိုက်ခင်းထဲက အပင်ဟောင်း အကြွင်းအကျန်များ

ယခင်ရာသီက ရောဂါကျရောက်ခဲ့ဖူးတဲ့ ပဲပင်အကြွင်းအကျန်တွေ၊ အရွက်ခြောက်တွေကို စိုက်ခင်းထဲမှာ သန့်ရှင်းရေးမလုပ်ဘဲ ဒီအတိုင်း ပစ်ထားမယ်ဆိုရင် အဆိုပါ အပင်ဆွေးတွေထဲမှာ မှိုတွေဟာ ဆောင်းခို (သို့မဟုတ်) ခိုအောင်း နေထိုင်ကြပြီး ရာသီဥတုပေးတာနဲ့ စိုက်ခင်းအသစ်တွေဆီ ပြန်လည်ကူးစက်တတ်ပါတယ်။

၄။ စိုက်ပျိုးရေးသုံး ကိရိယာများနှင့် လူများမှတစ်ဆင့်

ရောဂါကျနေတဲ့ ပဲခင်းထဲမှာ သုံးစွဲထားတဲ့ ဓား၊ ကတ်ကြေး၊ ထွန်ယက်ရေးကိရိယာတွေကို သေချာပိုးသတ်ဆေးမဆေးဘဲ သုံးစွဲမိတဲ့အခါ သို့မဟုတ် လူရဲ့အဝတ်အစားတွေမှာ ကပ်ပါလာတဲ့အခါမျိုးမှာလည်း မှိုမှုန်တွေ ရောက်ရှိလာနိုင်ပါတယ်။

ပဲတီစိမ်းခင်းမှာ ရောဂါစတင်ကျရောက်နေပြီဆိုတာကို မျက်ခြေမပြတ် စောင့်ကြည့်စစ်ဆေးပြီး အောက်ပါ အစောပိုင်း လက္ခဏာ (၃) ဆင့် အတိုင်း ကြိုတင်သိရှိနိုင်ပါတယ် –

၁။ အပင်အောက်ခြေအရွက်များကို အရင်ကြည့်ပါ (အစောဆုံးအဆင့်)

မှိုရောဂါပိုးဟာ အပင်ရဲ့ ထိပ်ဖျားအရွက်နုတွေထက် မြေကြီးနဲ့နီးတဲ့ အပင်အောက်ပိုင်း အရွက်ရင့်တွေမှာ စတင်ကျရောက်လေ့ရှိပါတယ်။ အကြောင်းကတော့ အောက်ခြေအရွက်တွေက နေရောင်ခြည်ရရှိမှု နည်းပြီး မြေကြီးကလာတဲ့ စိုထိုင်းဆနဲ့ ပိုနီးစပ်လို့ ဖြစ်ပါတယ်။

၂။ သေးငယ်သော အဝါရောင် သို့မဟုတ် ဖြူဖျော့ဖျော့အစက်များ

အရွက်မျက်နှာပြင်ပေါ်မှာ ပထမဆုံးအနေနဲ့ သေးငယ်ပြီး ပုံသဏ္ဍာန်မမှန်တဲ့ အဝါရောင် အစက်အပြောက်လေးတွေ သို့မဟုတ် မှေးမှိန်တဲ့ အစိမ်းဖျော့ရောင် အကွက်လေးတွေ စတင်တွေ့ရတတ်ပါတယ်။ ၎င်းအစက်လေးတွေကို သေချာကြည့်ရင် အဖြူရောင်မှိုမျှင်စလေးတွေ စတင်တွယ်ကပ်နေတာကို တွေ့နိုင်ပါတယ်။

၃။ ပေါင်ဒါမှုန့် ဖြူးထားသကဲ့သို့ အမှုန့်ကွက်များ (အတည်ပြုနိုင်သည့်အဆင့်)

ရက်အနည်းငယ်အတွင်းမှာပဲ အဆိုပါအကွက်တွေပေါ်မှာ ပေါင်ဒါမှုန့် သို့မဟုတ် မုန့်ဖုတ်မှုန့် ဖြူးထားသလိုမျိုး ဖြူဖြူမှုန့်မှုန့် အကွက်လေးတွေ အရွက်ရဲ့ အပေါ်မျက်နှာပြင်မှာ သိသိသာသာ ပေါ်လာပါလိမ့်မယ်။ ၎င်းအကွက်ကို လက်နဲ့ပွတ်ကြည့်ရင် မှုန့်မှုန့်လေးတွေ လက်မှာ ကပ်ပါလာတတ်ပါတယ်။

Powdery Mildew ကို ကာကွယ်နိုင်သော Organic နည်းလမ်းများ

(၁) ရောဂါကင်းစင်သော မျိုးစေ့အသုံးပြုခြင်း

အရည်အသွေးကောင်းပြီး ရောဂါကင်းစင်သော မျိုးစေ့ကို ရွေးချယ်စိုက်ပျိုးသင့်သည်။

(၂) အပင်များကို အလွန်ထူထပ်စွာ မစိုက်ခြင်း

အပင်များအကြား လေဝင်လေထွက်ကောင်းစေရန် သင့်တော်သော အကွာအဝေးထား၍ စိုက်ပျိုးခြင်းဖြင့် အရွက်များပေါ်တွင် စိုထိုင်းဆကြာရှည်နေခြင်းကို လျှော့ချနိုင်သည်။

(၃) ရောဂါကျရောက်သော အရွက်များ ဖယ်ရှားခြင်း

ရောဂါလက္ခဏာပြင်းထန်သော အရွက်များကို စောစီးစွာဖယ်ရှားပြီး စိုက်ခင်းအတွင်းမှ နုတ်ပယ်ခြင်းဖြင့် ရောဂါပြန့်ပွားမှုကို လျှော့ချနိုင်သည်။

(၄) အပင်အကြွင်းအကျန်များကို စနစ်တကျရှင်းလင်းခြင်း

ရောဂါကျရောက်ခဲ့သော အရွက်နှင့် အပင်အကြွင်းအကျန်များကို စိုက်ခင်းထဲတွင် မထားဘဲ စနစ်တကျဖယ်ရှားခြင်းသည် နောက်ရာသီတွင် ရောဂါကို လျှော့ချနိုင်သည်။

(၅) သီးနှံလှည့်ပတ်စိုက်ပျိုးခြင်း (Crop Rotation)

ပဲတီစိမ်းကို တစ်နေရာတည်းတွင် ဆက်တိုက်မစိုက်ဘဲ အခြားသီးနှံများနှင့် လှည့်ပတ်စိုက်ပျိုးခြင်းသည် ရောဂါဖြစ်ပွားမှုကို လျှော့ချရာတွင် အထောက်အကူပြုနိုင်သည်။

(၇)  သဘာဝမြေဩဇာ (Natural Fertilizers) – အပင်သက်တမ်းအလိုက် ကျွေးနည်း

ပဲတီစိမ်းသည် ရက်တိုသီးနှံ (ရက် ၆၀-၆၅ ဝန်းကျင်) ဖြစ်ပြီး ၎င်းဘာသာ နိုက်ထရိုဂျင် ဖမ်းယူနိုင်စွမ်း ရှိသဖြင့် ဖော့စဖရပ် (Phosphorus) နှင့် ပိုတက်စီယမ် (Potassium) ကြွယ်ဝသော သဘာဝမြေဩဇာ များကို အဓိကထားရပါမယ်။

• တီကျစ်စာ (Vermicompost): ပဲတီစိမ်းအတွက် အကောင်းဆုံး သဘာဝမြေဩဇာ ဖြစ်ပါတယ်။ အပင်ပေါက်ပြီး ၁၅ ရက်သားနှင့် ၃၅ ရက်သား (ပန်းမပွင့်မီ) အချိန်များတွင် ပင်ခြေ၌ စုပုံကျွေးပါ။ ၎င်းတွင်ပါဝင်သော ဟော်မုန်းနှင့် အာဟာရဓာတ်များသည် ပဲတောင့်ရှည်စေပြီး အထွက်နှုန်း တိုးစေပါတယ်။

• ငါးအမိုင်နိုအက်ဆစ် (Fish Amino Acid – FAA): ပဲပင် သက်တမ်း ၁၅ ရက်နှင့် ရက် ၃၀ (ပန်းမပွင့်မီ) တွင် ငါးအမိုင်နိုအက်ဆစ်ကို ရေကျဲကျဲဖျော်ပြီး အရွက်ဖျန်းမြေဩဇာအဖြစ် ဖျန်းပေးပါ။

(၈)ဇီဝပိုးသတ်ဆေးနှင့် ရောဂါကာကွယ်နည်း (Bio-Pesticides & Bio-Fungicides)

• ထရိုင်ကိုဒါးမား မှို (Trichoderma): ၎င်းသည် မကောင်းသော မှိုရောဂါများကို နှိမ်နင်းပေးသည့် အကျိုးပြု ဇီဝမှို ဖြစ်ပါတယ်။ ပဲမစိုက်ပျိုးမီ မြေပြင်ချိန်တွင် ထရိုင်ကိုဒါးမားကို နွားချေးဆွေးနှင့် ရောစပ်ပြီး မြေထဲထည့်ပေးပါက မြေဆောင်မှိုများကို ကာကွယ်ပေးပြီး အပင်ကြီးထွားစဉ်တွင်လည်း မှိုရောဂါ ဖြစ်ပွားမှုကို သိသိသာသာ လျှော့ချပေးပါတယ်။

• တမာအခြေခံ ဇီဝပိုးသတ်ဆေး (Neem-based Bio-Pesticide): တမာစေ့မှ ထုတ်လုပ်သော ပိုးသတ်ဆေး သို့မဟုတ် တမာရွက်ပြုတ်ရည်ကို ၁ ပတ် သို့မဟုတ် ၁၀ ရက်တစ်ကြိမ် ပုံမှန်ဖျန်းပေးပါ။ ၎င်းသည် မှိုရောဂါ မဝင်အောင် အရွက်ပေါ်တွင် အလွှာတစ်ခုအဖြစ် ကာကွယ်ပေးရုံတင်မက၊ ဗိုင်းရပ်စ်ရောဂါ သယ်ဆောင်လာမည့် ယင်ဖြူနှင့် ပုရစ်၊ ဖြုတ်ပိုးများကိုပါမောင်းထုတ် ပေးပါတယ်။

• ပိုးမွှားကာကွယ်ရန် စိုက်ခင်းအစီအမံ: ပဲခင်းပတ်ပတ်လည်တွင် ဝါးပင် သို့မဟုတ် နေကြာပင် များကို ခြံစည်းရိုး (Border crops) အဖြစ် စိုက်ပျိုးပေးခြင်းဖြင့် ပိုးမွှားများ ပဲခင်းထဲ တိုက်ရိုက်ပျံသန်းဝင်ရောက်မှုကို သဘာဝအတိုင်း တားဆီးနိုင်ပါတယ်။